Myanmar

Clearing House Mechanism

အိန္ဒိယနိုင်ငံ၊ Dehradun မြို့ရှိ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ သင်တန်းတက်ရောက်နေမှုကို လေ့လာအကဲဖြတ်ခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးပြုလုပ်ခြင်း

၁။       သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environment Agency-NEA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော “ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်း” ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စီမံကိန်း၏ လုပ်ငန်းစဉ် တစ်ခုအဖြစ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအား အိန္ဒိယနိုင်ငံ၊ Dehradun မြို့ရှိ Wildlife Institute of India (WII) တွင် ကျင်းပသည့် တောရိုင်းတိရစ္ဆာန်များစီမံအုပ်ချုပ်ခြင်း သင်တန်းများသို့  စေလွှတ်၍ ပညာသင်ကြားစေခဲ့ပါသည်။

၂။       ယခုအခါ စီမံကိန်း (ပထမပိုင်း) ကာလ ပြီးဆုံးပြီးနောက် စီမံကိန်း (ဒုတိယပိုင်း) ကို ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ရေးဆွဲလျက်ရှိရာ သင်တန်းသားများ ဆက်လက်စေလွှတ်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းရန်၊ လက်ရှိ တက်ရောက်လျက်ရှိသော သင်တန်းသားများ၏ သင်တန်း တက်ရောက်နေမှု အခြေအနေများ၊ သင်ကြားလျက်ရှိသော သင်ရိုးညွှန်းတမ်း များကို အကဲဖြတ်လေ့လာနိုင်ရန်နှင့် သစ်တောဦးစီးဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိသော တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သစ်တောဉီးစီးဌာနမှ ကိုယ်စားလှယ်(၂)ဉီးနှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ ကိုယ်စားလှယ် (၂)ဉီးတို့က ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်မှ (၂၅) ရက်အထိ (၄) ရက်ကြာ အိန္ဒိယနိုင်ငံ၊ Dehradun မြို့ရှိ၊ Wildlife Institute of India သို့ သွားရောက် လေ့လာအကဲဖြတ်ခြင်းနှင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

၃။     ဖော်ပြပါဆွေးနွေးပွဲမှ WII မှ တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ အကြား အောက်ဖော်ပြပါ အဓိက သဘောတူညီချက် (၅) ချက်ကို ရရှိခဲ့ပါသည်−

(က)    WII တွင် ဖွင့်လှစ်ပို့ချမည့် မဟာသိပ္ပံသင်တန်းအတွက် မြန်မာနိုင်ငံမှ ထိန်းသိမ်းရေးလုပ်ငန်းများတွင် လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများ အနက်မှ သင်တန်းသား (၂) ဦးခန့်ကို လက်ခံ၍ သင်ကြားပေးရန်၊

( ခ)    တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အခြေခံ (၃) လ သင်တန်း အတွက် (၁) နှစ်လျင် သင်တန်းသား (၄) ဦးစီဖြင့် နော်ဝေ−မြန်မာ စီမံကိန်း (၄) နှစ်တာ ကာလအတွက် သင်တန်းသား စုစုပေါင်း (၁၆) ဦးကို လက်ခံသင်ကြား ပေးရန်၊

(ဂ)     တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ ဒီပလိုမာသင်တန်း အတွက် (၁) နှစ်လျှင် သင်တန်းသား (၂) ဦးစီဖြင့် စီမံကိန်းကာလ (၄) နှစ်အတွက် သင်တန်းသား စုစုပေါင်း (၈) ဦး လက်ခံသင်ကြားပေးရန်၊

(ဃ)    သင်တန်းများအပြင် အခြားသော တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာလုပ်ငန်းများဖြစ်သော ပင်လယ်လိပ်ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း များ၊ တောရိုင်းတိရိစ္ဆာန်များဆိုင်ရာ မှုခင်းဆေးပညာ (Wildlife Forensic) ဘာသာရပ်များအတွက် မြန်မာနိုင်ငံတွင် သင်တန်းများ လာရောက်ပို့ချ ပေးရန်၊

( င)    WII သို့ သင်တန်းသားများ စေလွှတ်ခြင်း၊ ပြည်တွင်း၌ သင်တန်းပို့ချခြင်းများ အတွက် ကုန်ကျစရိတ်များကို နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ တာဝန်ယူ ကျခံပေးရန်။

၄။           ဆွေးနွေးပွဲနှင့်အတူ WII ရှိ တောရိုင်းတိရစ္ဆာန်မှုခင်းဆိုင်ရာဓါတ်ခွဲခန်းWildlife Forensic Lab ၏ လည်ပတ်နေမှုအခြအနေများအား လေ့လာခြင်း၊ Rajaji Tiger Reserve သို့ သွားရောက်၍ ကျားအပါအဝင် အခြားတောရိုင်းတိရစ္ဆာန်များ ကျက်စားနေမှုများအား လေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။