Myanmar

Clearing House Mechanism

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် (AHP) အဖြစ် သတ်မှတ်ခံရခြင်း

  • အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု၊ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းမှုဆိုင်ရာတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အာဆီယံဒေသအတွင်း ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်း အစဉ် အလာများ ထူးခြားစွာ တည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေ အနှစ် ဥယျာဉ်များ (ASEAN Heritage Parks-AHPs) အဖြစ် သတ်မှတ် ထိန်းသိမ်းလျက် ရှိပါသည်/
  • မြန်မာနိုင်ငံတွင် လက်ရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၄) ခု တည်ထောင်ထားပြီး၊ ယင်းတို့အနက် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့အား ၂၀၀၃ ခုနှစ်တွင် လည်းကောင်း၊ နတ်မတောင် အမျိုးသားဥယျာဉ်အား ၂၀၁၂ ခုနှစ်တွင် လည်းကောင်း အာဆီယံအမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။
  • မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဥယျာဉ်များ ထပ်မံ သတ်မှတ်ခံရရေး ကြိုးပမ်းသည့် အနေဖြင့် AHP စံချိန်စံညွှန်းများ နှင့် ကိုက်ညီမှု ရှိသော ထူးခြားထင်ရှားသည့် ဝိသေသ လက္ခဏာ များ တည်ရှိရာ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွက် အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ် အမည်စာရင်း အဆိုပြုလွှာ (Nomination Document) ကို အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟို ဌာန (ASEAN Centre for Biodiversity-ACB) သို့ ၂၀၁၈ ခုနှစ်တွင် တင်သွင်းခဲ့ပါသည်။
  • ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဂေဟဗေဒဆိုင်ရာ ကောင်းမွန်သော နေရာ တစ်ခု ဖြစ်ခြင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ တည်ရှိရာ နေရာ ဖြစ်ခြင်း၊ တောဆင်ရိုင်း၊ ကျား၊ အင်းကျား၊ ဝက်ဝံနက်၊ သင်းခွေချပ် စသည့် ရှားပါး တောရိုင်းတိရစ္ဆာန် နှင့် အပင်မျိုးစိတ်များ ကျက်စား ပေါက်ရောက်လျက် ရှိခြင်း၊ ၁၉၇၄ ခုနှစ် မှစတင်၍ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် တည်ထောင်ခဲ့ပြီး ဝန်ထမ်းများ ခန့်အပ်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်း၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (မူကြမ်း) ကို ရေးဆွဲလျက် ရှိခြင်း စသည် တို့မှာ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား AHP အဖြစ် အမည်စာရင်း အဆိုပြုနိုင်ခဲ့သည့် အချက်များ ဖြစ်ပါသည်။
  • ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား AHP အဖြစ် အမည်စာရင်း အဆိုပြုလွှာအပေါ် ACB မှ Desk Review ပြုလုပ်ခဲ့ပြီး၊ AHP စံချိန်စံညွှန်းများ နှင့် ကိုက်ညီမှု ရှိ၊ မရှိ အကဲဖြတ် ဆန်း စစ်ခြင်းကို ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘေးမဲ့တောသို့ လာ ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
  • ၂၀၁၉ ခုနှစ်၊ မေလ (၈-၁၀) ရက်နေ့တို့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် “အာဆီယံ သဘာဝဝန်းကျင် နှင့် ဇီဝမျိုးစုံမျိုးကွဲများ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Nature and Conservation of Biodiversity-AWGNCB) ၏ (၂၉) ကြိမ်မြောက် အစည်းအဝေး” တွင် မြန်မာနိုင်ငံမှ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် (AHP) အဖြစ် အဆိုပြုတင်ပြခဲ့မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထောက်ခံခဲ့ကြပါသည်။
  • ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇−၈) ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် “(၁၅) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေး (15th ASEAN Ministerial Meeting on Environment-15th AMME)” မှ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြု သတ်မှတ်ခဲ့ ပါသည်။
  • တနင်္သာရီသဘာဝကြိုးဝိုင်းအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အမည်စာရင်း အဆို ပြုခဲ့မှုအပေါ် ထိုင်းနိုင်ငံမှ နယ်နိမိတ်ကိစ္စ ဆွေးနွေးမှုကြောင့် လက်ရှိ မြန်မာ−ထိုင်းနိုင်ငံ တကာ နယ်နိမိတ်နှင့် ကင်းလွတ်သည့် ဧရိယာအား ပြင်ဆင်၍ ထပ်မံ အဆိုပြုတင်ပြထားပါသည်။
  • 15th AMME အစည်းအဝေးတွင် အာဆီယံအမွေအနှစ်ဥယျာဉ် (၅) ခု (ထိုင်း (၂) ခု၊ ဗီယက် နမ် (၂) ခု နှင့် မြန်မာ (၁) ခု-ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော) ကို အတည်ပြု သတ်မှတ်ခဲ့ သည့်အတွက် လက်ရှိတွင် အာဆီယံအမွေအနှစ်ဥယျာဉ် (၄၉) ခု ရှိလာပြီ ဖြစ်ပါသည်။ အဆိုပါ အာဆီယံအမွေအနှစ်ဥယျာဉ်များမှာ − ဘရူနိုင်း (၁) ခု၊ လာအို (၁) ခု၊ ကမ္ဘောဒီးယား (၂) ခု၊ စင်္ကာပူ (၂) ခု၊ မလေးရှား (၃) ခု၊ ထိုင်း (၆) ခု၊ အင်ဒိုနီးရှား (၇) ခု၊ မြန်မာ (၈) ခု၊ ဖိလစ်ပိုင် (၉) ခု၊ နှင့် ဗီယက်နမ် (၁၀) ခု တို့ ဖြစ်ပါသည်။
  • ထို့ကြောင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အပါအဝင် မြန်မာနိုင်ငံတွင် အာဆီယံ အမွေအနှစ်ဥယျာဉ် စုစုပေါင်း (၈) ခု အထိ တိုးမြှင့်သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပြီး၊ အာဆီယံဒေသတွင်း အဆင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမို အားဖြည့် ဆောင်ရွက်နိုင်မည် ဖြစ်ခြင်း၊ အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးဝန်ထမ်းများ၏ စွမ်း ဆောင်ရည် မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းများ ပိုမို ရရှိနိုင်မည် ဖြစ်သဖြင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဒေသအဆင့် အာဆီယံအမွေအနှစ်ဥယျာဉ် များ ကွန်ယက်တွင် ပါဝင်ခွင့်ရခြင်း နှင့် စီမံအုပ်ချုပ်မှု မြှင့်တင်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါသည်။