Myanmar

Clearing House Mechanism

“တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း” ကျင်းပပြုလုပ်ခြင်း

၁။         သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environment Agency – NEA) တို့သည် “ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သဘာဝ ထိန်းသိမ်း ရေးနယ်မြေများ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း ဆိုင်ရာစီမံကိန်း” အား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်း လုပ်ငန်းစဉ် တစ်ခုအဖြစ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ကွင်းဆင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မျာအား မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်ပသင်တန်းများသို့ စေလွှတ်ခြင်းနှင့် ပြည်တွင်း၌ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။

၂။         သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနရှိ တောခေါင်း၊ တောကြပ် နှင့် တိရစ္ဆာန်ထိန်း အဆင့်ရှိ ဝန်ထမ်းများအတွက် “တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း”ကို ပုပ္ပါးတောင်ဥယျာဉ်၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃) ရက်နေ့မှ (၂၀) ရက်နေ့ အထိ (၁၈)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၃။သင်တန်းကို အောက်ပါရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်−

(က) ဥယျာဉ်/ဘေးမဲ့တောများ၌ တာဝန်ထမ်းဆောင်နေသော ကွင်းဆင်းဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊

(ခ )  သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် ဇီဝမျိုးစုံမျိုးကွဲတို့အား ကာကွယ်စောင့် ရှောက်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ရည်မှန်းချက်များအား                           အောင်မြင်စွာ အကောင် ထည်ဖော်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊

(ဂ )  စာတွေ့သင်ခန်းစာများ လေ့လာဆည်းပူးခဲ့သည့် ဗဟုသုတနှင့် အတွေ့အကြုံများ အား ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျွမ်းကျင်ပိုင်နိုင်                        စွာ လက်တွေ့ အသုံးချတတ်စေရန်၊

(ဃ) ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ ထိရောက်သော ပူပေါင်းပါဝင်မှု ရရှိအောင် စည်းရုံးနိုင်သည့် ဝန်ထမ်းများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊

၄။  သင်တန်းတွင် တောတွင်း၌ လက်တွေ့လုပ်ငန်းဆောင်ရွက်နေရသည့် ကွင်းဆင်းဝန်ထမ်းများအတွက်        ArcGIS နည်းပညာအသုံးပြု၍ မြေပုံရေ:ဆွဲခြင်း နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ သိသင့်သိထိုက်သည့် အခြေခံ ဗဟုသုတ၊ လုပ်ထုံး/လုပ်နည်းများနှင့် လက်တွေ့ ဆောင်ရွက်နည်းများကို ရှင်းလင်း ပို့ချခဲ့ကြပါသည်။

၅။      သင်တန်းတွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ညွှန်ကြား ရေးမှူးရုံးမှ (၈)ဦး၊ ပုပ္ပါးတောင်ဘေးမဲ့တောဥယျာဉ်မှ (၂) ဦးနှင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS-Myanmar) မှ သင်တန်းဆရာ (၂)ဦးနှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Environment Agency – NEA) မှ (၁)ဦး၊ စုစုပေါင်း (၁၃) ဦးတို့က သင်တန်းဆရာ များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ဘာသာရပ်ပေါင်း (၁၂) ဘာသာကို သင်ကြားပို့ချခဲ့ပါသည်။

 

 

၆။      သင်တန်းများသို့ ဥယျာဉ်/ဘေးမဲ့တော (၂၃) ခု (ပိတောင်၊ ရခိုင်ဆင်၊ ချပ်သင်း၊ ပုပ္ပါး၊ ရွှေဥဒေါင်း၊ ခါကာဘိုရာဇီ၊ ဟူးကောင်း၊ အလောင်းတော်ကဿပ၊ နတ်မတောင်၊ ပန်းလောင်နှင့် ပြဒါးလင်းဂူ၊ ရွှေစက်တော်၊ ထမံသီ၊ ကျိုက်ထီးရိုး၊ မင်းစုံတောင်၊ မိန်းမလှကျွန်း၊ အင်းလေး၊ မိုးယွန်းကြီး၊ အင်းတော်ကြီး၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း) တို့မှ တောခေါင်း၊ တောကြပ် အဆင့်ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။

၇။     သင်တန်း ဖွင့်လှစ်ပို့ချသည့် ရက်သတ္တ ပတ်(၃)ပတ်အတွင်း သင်တန်းသားများ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းကမ်းကောင်းမွန်ရေး နှင့် သင်တန်းအုပ်ချုပ်မှုပုံစံအား အထောက်အပံ့ဖြစ်စေရေးတွက် Physical Training(PT) ပြေးခြင်း နှင့် အမိန့်နာခံတတ်မှုနှင့် စည်းကမ်းကောင်းမွန်စေရန်အတွက် စစ်ရေးပြလေ့ကျင့်ခြင်း အစီအစဉ် တို့ကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ကြပါသည်။

၈။    တနင်္ဂနွေနေ့မှအပ ကျန်ရက်များ၌ နေ့စဉ်နံနက် ၀၅:၃၀ မှ ၀၆:၃၀ အတွင်း ပုပ္ပါးတောင် ဥယျာဉ်၊ အုပ်ချုပ်ရေးမှူးရုံးမှ (၃.၅) မိုင်ခန့် ဝေးကွာသည့် ပုပ္ပါးတောင်မကြီးအခြေအထိ အမြန်လျှောက်ခြင်း၊ အနှေးပြေးခြင်း နှင့် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ပုံမှန် ဆောင်ရွက်ပြီး “စစ်ရေးပြလေ့ကျင့်ခန်း” ကို စာသင်ချိန်ရပ်နားသည့် ညနေအချိန် (၀၄:၃၀)မှ (၀၅:၁၅)အတွင်း လေ့ကျင့်ခြင်း ဆောင်ရွက်ပါသည်/

၉။     သင်တန်းသားများ၊ သင်တန်းအုပ်ချုပ်သူနှင့် နည်းပြများ၊ ပုပ္ပါးတောင်ဥယျာဉ် ဝန်ထမ်း များစုပေါင်း၍ ပုပ္ပါးကျေးရွာရှိ အများသူငှာ သွားလာသည့် လမ်းမများ၊ စာသင်ကျောင်းများနှင့် စျေးပတ်ဝန်းကျင်၊ ပုပ္ပါးတောင်မကြီးသွားရာ လမ်းတစ်လျှောက် တို့တွင် ပလပ်စတစ်အမှိုက်များ ကင်းစင်ရေး အမှိုက်ကောက်လှုပ်ရှားမှု အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။