Myanmar

Clearing House Mechanism

ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော နယ်မြေများ (ICCAs) နှင့် ဒေသခံအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများ (CPAs) ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံ့နှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်နေသော ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိန်းကာကွယ် စောင့်ရှောက်ထားသော နယ်မြေများ (ICCAs) ဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများကို အကျိုးသက်ဆိုင်သူများအား ပြန်လည်မျှဝေပြီး မြန်မာနိုင်ငံအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသဘောတူညီမှုရရှိရန် ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ တော်ဝင်နေပြည်တော် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲအား သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဉီးဇော်မင်းမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်မှ ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြဌာန်းလိုက်သည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဉပဒေ” အသစ်တွင်လည်းကောင်း အသစ်ရေးဆွဲနေသည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာနည်းဉပဒေများ” တွင် လည်းကောင်း ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော နယ်မြေများ (ICCAs) နှင့် ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေများ (CPAs) အတွက် ဉပဒေပြဌာန်းချက်များစွာ ပါဝင်ပါသည်။ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားသော နယ်မြေများ (ICCAs) ကို မြန်မာနိုင်ငံ အနှံ့တွင်ဌာနေတိုင်းရင်းသားများ၊ ဒေသခံပြည်သူများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ မိမိတို့ တတ်စွမ်းသရွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်တွင် သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံဖြိုးရေး အစီအစဉ်၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့နှင့် လူထုအခြေပြုအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ထားသောနယ်မြေများ (ICCAs) ဆိုင်ရာ လေ့လာရေးခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ၈ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနှံ့တွင် ဆောင်ရွက်နေသော ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားသောနယ်မြေများ (ICCAs) အတွေ့အကြုံများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် အကောင်အထည်ဖော်နေသော ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသောနယ်မြေများ (ICCAs) ကို လေ့လာရရှိခဲ့သည့် ဗဟုသုတများကို အကျိုးသက်ဆိုင်သူများအား ပြန်လည်မျှဝေရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားသော နယ်မြေများ (ICCAs) နှင့် ဒေသခံအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများ (CPAs) ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် ဒေသခံဌာနေတိုင်ရင်းသား ၈ ဦးမှ ၎င်းတို့ကျင့်သုံး သိရှိထားသော ICCAs နှင့်ပတ်သက်သော အလေ့အထ၊ ဗဟုသုတများကို ၁၅ မိနစ်စီ မျှဝေခဲ့ကြကာ တက်ရောက်သူများမှ သိလိုသည်များကိုလည်း ဖြေကြားခဲ့ကြပါသည်။ ထို့နောက်တွင် တက်ရောက်သူများအား အုပ်စုဖွဲ့၍ ICCAs နှင့်ပတ်သက်သော အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများ၊ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ဆွေးနွေးခဲ့ကြပါသည်။