Myanmar

Clearing House Mechanism

ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာနက မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၁၀-၁-၂၀၂၀ ရက်နေ့က မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသို့ သွားရောက်၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
  • ညွှန်ကြားရေးမှူးချုပ်သည် မိုးယွန်းကြီးအင်းဘေးမဲ့တောအတွင်းသို့ စက်လှေဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းနှင့် ဘေးမဲ့တောနယ်နိမိတ်ရှိ တာဂွဒေသတွင် ဘေးမဲ့တော အတွင်း၌ ငါးဖမ်းဆီးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသည့် ဒေသခံများနှင့် တွေ့ဆုံ၍ လူမှုစီးပွားရေးအခြေအနေများ၊ ငါးဖမ်းဆီးရမိမှုအခြေအနေများ၊ ဘေးမဲ့တော၏ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးရေးနှင့် ကျေးငှက်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုရေး တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  • ထို့နောက် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ဘေးမဲ့တော၌ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် တွင်ပါရှိသော လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဘေးမဲ့တောကို ခြိမ်းခြောက်လျက်ရှိသည့် အချက်အလက်များနှင့် ခြိမ်းခြောက်နေမှုများအပေါ် ပြန်လည်ဖြေရှင်း နိုင်မည့် နည်းလမ်းများ၊ ဒေသခံရေလုပ်သားများနှင့်ပူးပေါင်း၍ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။
  • ညွှန်ကြားရေးမှူးချုပ်သည် မိုးယွန်းကြီးအင်းရေဝပ်ဒေသ ပညာပေးပြခန်းသို့ ဝင်ရောက်၍ ပညာပေးပြခန်းအတွင်း ပြသထားမှုကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီးနောက် ပြကွက်များ အလိုက် ပြင်ဆင်ရန်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
  • မိုးယွန်းကြီးအင်းဘေးမဲ့တောသည် ကမ္ဘာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) တစ်ခုဖြစ်ပြီး ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းပေါ်ရှိ Flyway Network Site တစ်ခု ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကောက်ယူခဲ့သည့် စာရင်းအရ မိုးယွန်းကြီးအင်းတွင် ဌာနေဒေသရင်းငှက်မျိုးစိတ် (၆၉) မျိုး (ကောင်ရေ ၁၉,၀၇၃ ကောင်ခန့်) နှင့် ဆောင်းခိုငှက်မျိုးစိတ် (၃၉) မျိုး (ကောင်ရေ ၄,၀၃၆ ကောင်ခန့်) တို့ တွေ့ရှိရပြီး၊ ယင်းတို့တွင် မိုးယွန်းကြီးအင်းဘေးမဲ့တော၌ မှတ်တမ်းတင်ခြင်းမပြုရသေးသော ငှက်မျိုးစိတ် (၄) မျိုးလည်း ပါဝင်ကြောင်း သိရှိရပါသည်။