Myanmar

Clearing House Mechanism

Celebration of World Wetlands Day (2020)

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (Norwegian Envionrment Agency- NEA) တို့ ပူးပေါင်း၍ “ကမ္ဘာ့ရေဝပ်ဒေသများနေ့ (၂၀၂၀)” အထိမ်းအမှတ် အခမ်းအနား ကို မိုးယွန်းကြီး အပန်းဖြေစခန်း၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ် တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ် ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်၊ ဒေသခံကိုယ်စားလှယ်များ၊ I/NGO၊ CSO များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၀၀) ဦးခန့် တက် ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ၏ Assistant Director General ဖြစ်သူ Mr. Ivar Myklebust တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပါ သည်။ ထို့နောက် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများဆိုင်ရာ မှတ်တမ်းဗီဒီယိုအား ပြသ ခြင်း နှင့် မုတ္တမပင်လယ်ကွေ့ (တိုးချဲ့) (ပဲခူးတိုင်းဒေသကြီး အပိုင်း နှင့် မွန်ပြည်နယ် အပိုင်း) အား ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြု လက်မှတ်အား သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် “ကမ္ဘာ့ရေဝပ်ဒေသများနေ့ (၂၀၂၀)” ၏ ဆောင်ပုဒ်ဖြစ်သည့် “ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ဖို့ ရေဝပ်ဒေသတွေ ထိန်းသိမ်းစို့ (Wetlands and Biodiversity)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် မိုး ယွန်းကြီးဒေသရှိ စာသင်ကျောင်းများမှ အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂) ဦး နှင့် မိုးယွန်းကြီးအင်းဘေးမဲ့တော ထိန်းသိမ်းရေး တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဒေသခံကိုယ်စားလှယ် (၃) ဦးတို့အား ဆုချီးမြှင့်ပေးအပ် ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း၊ ရေဝပ်ဒေသများ နှင့် ရေဝပ်ဒေသ တွင် ကျက်စားသည့် မျိုးစိတ်ဆိုင်ရာ ပြကွက်များ၊ ပိုစတာများ၊ ဓါတ်ပုံများ နှင့် ဆုရရှိ သည့် စာစီစာကုံးများ ခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှုခြင်းတို့ကို ဆောင် ရွက်ခဲ့ပြီး၊ အထိမ်းအမှတ် အခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် ပြီးစီးခဲ့ပါသည်။

အဆိုပါ “ကမ္ဘာ့ရေဝပ်ဒေသများနေ့ (၂၀၂၀)” အထိမ်းအမှတ်အခမ်းအနား ပြီးနောက် တစ်ဆက်စပ်တည်း နေ့လည် (၁၂:၃၀) နာရီတွင် “ရေဝပ်ဒေသ ထိန်းသိမ်းစီမံ အုပ် ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၁/၂၀၂၀)” ကို ကျင်းပ ခဲ့ပြီး၊ ကော်မတီဝင် ဌာနဆိုင်ရာ အရာရှိကြီးများ နှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာ နိုင်ငံအတွင်း ရေဝပ်ဒေသ ထိန်းသိမ်းရေးအပေါ် ဆက်စပ်ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နှင့် “အမျိုးသား ရေဝပ်ဒေသ မူဝါဒ နှင့် မဟာဗျူဟာ လုပ်ငန်းများ (၂၀၁၈)” အား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ နှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြပါသည်။